Quantcast
Channel: sai nyunt lwin
Viewing all 64 articles
Browse latest View live

ဘာတွေ ဖြစ်နေကြတာလဲ

$
0
0
ဘာတွေ ဖြစ်နေကြတာလဲ

၂ဝ၁၈- ဇန်နဝါရီလ ၄- ရက် လွတ်လပ်ရေးနေ့ဆိုတော့ ထောင်ထဲမှာ နေခဲ့ရတဲ့ နေ့တွေကို ပြန်အမှတ်ရ နေမိတယ်။  အဲဒီလို နေ့ထူးနေမြတ် (အထူးသဖြင့် လွတ်လပ်ရေးနေ့) ဆိုတာ အကျဉ်းထောင်တွေထဲမှာ ရှိနေကြတဲ့ အကျဉ်းသား မှန်သမျှရဲ့ မျှော်လင့်ချက်ကြီးတွေနဲ့ နားစွင့်ခဲ့ကြရတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့တွေမှာ နိုင်ငံတော်သမ္မတကြီးတွေက လွတ်ငြိမ်းချမ်းသာခွင့် (သို့မဟုတ်) အကျဉ်းကျနေ့ရက်တွေကို လျော့ချ ပေးတဲ့ အလေ့အထ နဲ့ အစဉ်အလာတွေ ရှိခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။

ထောင်ထဲမှာ အကျဉ်းသားဘဝ ရောက်ဖူးခဲ့သူတိုင်း ဒီခံစားချက်ကို သိကြပါတယ်။ ကိုယ်မလွတ်တာတောင်မှ တစ်ခြားလူတွေ လွတ်သွားတာကို မြင်ရတဲ့အခါ အားရဝမ်းသာနဲ့ အစိုးရမင်းများကို ဝိုင်းပြီးကျေးဇူးတင်ကြရတာ အမော ပါ။ ကိုယ်နဲ့ အတိုက်အခံဖြစ်နေတဲ့ အစိုးရကိုတောင် အဲ့ဒီလို အခါသမယတွေမှာ အကျဉ်းသားလွတ်ငြိမ်းခွင့် ပေးခဲ့တဲ့ အတွက် ချီးကျူးထောပနာ ပြုပေးကြစမြဲ ဖြစ်ပါတယ်။

အဲဒီလိုရက်တွေဟာ ဘယ်လိုအကျဉ်းသားဘဲဖြစ်ဖြစ်  အကျဉ်းသားအားလုံးရဲ့ မျှော်လင့်ချက်ဘဲ ဖြစ်ပါတယ်။ အဲဒီနေ့ရက်တွေနား နီးကပ်လာရင် အကျဉ်းထောင်အမှုထမ်းတွေဆီကို ဘာများထူးခြားမှု ရှိနေပါသလဲ ဆိုပြီး စုံစမ်း မေးမြန်းကြရတာ အကျဉ်းသားတိုင်းရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။ သေဒဏ်ကျခံထားရသူက သေဒဏ်က အသက် လွတ်သွားနိုင်သလို နှစ်ကြီးထောင်ဒဏ်သမားတွေလဲ နှစ်တွေလျော့ကျသွားနိုင်ပါတယ်။  လွတ်နီးတွေဆိုရင်လဲ အချိန် မရွေး ချက်ချင်းလက်ငင်း လွတ်မြောက်သွားနိုင်တာမို့ အားလုံးက မျှော်နေကြတဲ့ နေ့ရက်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု ဆောင်းပါးရေးနေချိန် (ဇန်နဝါရီ ၅-ရက်)အထိ အကျဉ်းထောင်တွေဆီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ဆိုလို့ တစ်ယောက်မှ သတင်းမကြားရသေးပါဘူး။  အေအေပီပီကို မေးကြည့်တော့လဲ သူတို့ဘာမှ မကြားသေးဘူးလို့ အကြောင်းပြန်ပါတယ်။  ထောင်ထဲမှာ ရှိနေကြတဲ့ အကျဉ်းသားအပေါင်းတို့ကို ကျွန်တော် ကိုယ်ချင်းစာကြည့်လိုက်မိပါတယ်။ သူတို့ခမြာ ထုံးစံအတိုင်း သေချာပေါက် မျှော်လင့်နေကြမှာဆိုတာ အလွန်ကို သေချာပါတယ်။ မျှော်လင့်သလို ဖြစ်မလာတော့ရင် အလွန်ကိုဘဲ စိတ်ထိခိုက်မှု ဖြစ်ကြရမှာပါ။  အထူးသဖြင့် ထောင်ထဲက အကျဉ်းသားတွေအတွက် ကတော့ မျှော်လင့်နိုင်တာ အဲဒီနေ့ရက်လေးတွေဘဲ ရှိခဲ့လို့ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ နှစ်သစ်ကူး ဆွမ်းလောင်းလှူပွဲကြီး ချိမ့်ချိမ့်သဲသဲကျင်းပနေတာတွေ ၊ လူပရိသတ်တစ်သိန်းကျော် တဲ့ တရားဓမ္မပွဲတွေ ကျင်းပနေတာတွေ့ရတော့ အကျဉ်းသားတွေအတွက်လဲ ထည့်စဉ်းစားလိမ့်မယ်လို့ ကျွန်တော်မျှော် လင့်ပေးခဲ့မိတာဟာ မမှားလောက်ဘူးလို့ ထင်ခဲ့ရပေမဲ့ တကယ့်လက်တွေ့မှာတော့ မှားသွားခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားဘဝကို လုံးဝမရောက်ဖူးခဲ့တဲ့ အစိုးရမင်းများ လက်ထက်တုန်းကတောင်မှ နှစ်စဉ်နှစ် တိုင်းလိုလို လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပါတယ်။ လျော့ရက်တွေပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော် မတီ တစ်ခုကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်မှုတွေ လုပ်ပြီး လွတ် မြောက်ဖို့ လိုအပ်သူတွေကို လွတ်မြောက်စေခဲ့ဖူးပါတယ်။ အဲဒီနည်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား လွတ်မြောက်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီဆိုရင်လဲ သာမန်အကျဉ်းသားတွေလဲ သတ်မှတ်ချက်အတိုင်း လိုက်ပါလွတ်မြောက်ကြတာ အလေ့အထတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားဘဝနဲ့ နေခဲ့ဖူးတဲ့ နိုင်ငံရေးပါတီကြီးရဲ့ အစိုးရအဖွဲ့ လက်ထက်မှာဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား လက်ကျန်တွေကိုလဲ မလွဲမသွေ လွတ်ပေးလိမ့်မယ်လို့ ကျွန်တော့်ဖက်က မျှော်လင့်ခဲ့မိပါတယ်။ ကျွန်တော့်မျှော်လင့်ချက်က မှားနေဆဲပါ။  နိုင်ငံရေးအကျဉ်းသား စိစစ်မှုတွေတောင် လုပ်တယ် မကြားရတော့ပါဘူး။ AAPP တို့လို  နိုင်/ကျဉ်းအဖွဲ့တို့လို အဖွဲ့အစည်းတွေရဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသားတစ်ရာနီးနီး အကျဉ်းထောင် တွေထဲမှာ ကျန်နေဆဲလို့ သိရပါတယ်။ AAPP ကလုပ်တဲ့ နိုင်/ကျဉ်းစာရင်းတွေဆိုရင် မူလအမှုတွဲတွေ အထိကို သေသေ ချာချာ လေ့လာပြီးမှ နိုင်ငံရေးအကျဉ်းသားစာရင်းထဲကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက စိစစ်မှုတွေအရ ဆိုရင် တကယ့်လက်တွေ့ ဖြစ်ရပ်နဲ့ တရားစွဲခံရတဲ့ ပုဒ်မတွေ တစ်ခြားစီဖြစ်နေတာ အများအပြားတွေ့ခဲ့ရပါတယ်။ ထောင်ချဖို့ သက်သက်ဘဲမို့ အကျဉ်းသားတွေရဲ့ တရားစွဲတဲ့ ပုဒ်မတွေကို ကြည့်ပြီးသူတို့ကို လူဆိုးလူကောင်း အလွယ်တကူ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ သေသေချာချာ စိစစ်ထားခဲ့တဲ့ စာရင်းတွေ ဖြစ်ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်ထဲမှာဆိုရင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၂ဝ- လောက်ရှိတယ်ဆိုတဲ့ သတင်းတွေလဲ ကြားနေရပါတယ်။ ကိုယ်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဘဝ ရောက်ခဲ့ဖူးတဲ့လူမှန်သမျှဟာ လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ချင်းစာစိတ်ရှိနေ မှာကတော့ သံသယ ရှိစရာ မလိုလောက်အောင် ယုံကြည်ရပါတယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့နဲ့ ဘဝတူတွေကို ခုထိ ဆွဲမထုတ်နိုင်သေးတာလဲ။ ဘာကြောင့် ကြိုးပမ်းအားထုတ်မှု ဝါယမစိုက်တာတွေ မတွေ့ရသေးတာလဲ။ မေးစရာပါဘဲ။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လွတ်လပ်ရေး အောင်ပွဲ အခမ်းအနားကို ကျွန်တော်တက်ရောက်တော့ ပေးလာတဲ့ရင်ထိုးနောက်မှာ နိုင်ငံရေးအကျဉ်းသားတစ် ယောက်ရဲ့ နာမည်တွေ ပါလာပါတယ်။ မေးကြည့်တော့ အဲဒီ အကျဉ်းသားရဲ့ လိုအပ်ချက်တွေကို အကူအညီပေးရ အောင် (ပေးနိုင်အောင်) နာမည်တွေကို မဲဖေါက်ထားတာတဲ့။ ကျွန်တော်ရတဲ့ ကဒ်နောက်ကျောက နာမည်က “မခင်ထား” ထားဝယ်ထောင် လို့ ရေးထားပါတယ်။ ဒါပေမဲ့ မကြာမီမှာဘဲ ကျွန်တော်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဘဝကို ရောက်သွားလို့ အဲဒီတစ်ယောက်ကို မကူညီနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ကျွန်တော်ထောင်ထဲ ရောက်ပြီး နှစ်နှစ်လောက်ကြာတော့ အဲဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မဲ ပေါက်လို့ ဆိုပြီး ကျွန်တော့်မိသားစုဆီ အကူအညီပေးဖို့ တစ်ယောက်ရောက်လာပါတယ်။ နာမည်က ဒေါ်စပယ် တဲ့။  နိုင်/ကျဉ်း ကျွန်တော့်ကို ဘာများကူညီရမလဲဆိုပြီး မိသားစုဆီလာမေးပါတယ်။  နောက်ပိုင်းမှာ မိသားစုနဲ့ ညှိနှိုင်းပြီး တော့ ကျွန်တော်ဖတ်ဖို့ စာအုပ်တွေ ပို့ပေးခဲ့တယ်။ အဲဒီအကူအညီမျိုးဟာ ထောင်ထဲမှာ နေနေတဲ့ လူတစ်ယောက် အတွက် အလွန်ကိုဘဲ ခွန်အားဖြစ်တယ်။ မျှော်လင့်ချက် အားမာန်တွေကို မွေးဖွါးပေးနိုင်ခဲ့တယ်။  နောက်ပိုင်းမှာတော့ အဲဒီ ဒေါ်စပယ်ဟာ ကျွန်တော့်သားနဲ့ ချွေးမတို့ရဲ့ ဆရာမ အရင်းကြီးဖြစ်နေလို့ ကျွန်တော်တို့မိတ်ဆွေဘဝက ပိုပြီးတော့ တောင်မှ မိသားစုဆန်တဲ့ အနေအထားကို ရောက်ခဲ့ရတယ်။

အတိုက်အခံဘဝတုန်းက ရှိခဲ့တဲ့ ကူညီဖေးမမှုတွေဟာ ကိုယ်တိုင်အစိုးရဖြစ်လာခဲ့တဲ့အခါမှာ  ဘာဆိုဘာမှ မတွေ့ရတော့ စိတ်ထဲမှာ ဝမ်းနည်းနေမိပါတယ်။   နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေး နိုင်တဲ့ လုပ်ပိုင်ခွင့်တွေဟာ အစိုးရမှာ အပြည့်အဝရှိတယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။ ဘယ်သူကမှ ဝင်ရောက် တားဆီး ပိတ်ပင်တာမျိုးလဲ မလုပ်နိုင်ဘူးလို့လဲ ခိုင်ခိုင်မာမာ ယူဆမိပါတယ်။  ဘာကြောင့် ဖြစ်မလာတာလဲ ဆိုတာ စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး ကျွန်တော် စဉ်းစားမရတော့ပါဘူး။  စဉ်းစားကြည့်လေ။ နိုင်/ကျဉ်းဟောင်း ၁၂ဝ က လက်ရှိ နိုင်/ကျဉ်း ၁ဝဝ- အောက်ကို မကယ်နိုင်တာဟာ သမိုင်းကြောင်းမှာ ရေးရရင် အလွန်ကိုဘဲ အကျည်းတန် လှပါပြီ။


ဘာတွေ ဖြစ်ကုန်ကြပြီလဲ။ ကိုင်း …..  ဝိုင်းပြီး ဖြေပေးကြပါအုန်း။

What is the NLD Doing for Political Prisoners?

$
0
0
It was Jan. 4, 2018. As it was also the 70th anniversary of Myanmar’s independence, I could not help thinking about my days in prison. Independence Day is one of the special occasions each and every prisoner looks forward to with high hopes.

That is because of a custom of granting amnesty to prisoners and reducing jail sentences on every anniversary.

Everyone who has had to spend part of his or her life in prison knows how it feels. Prisoners cannot help feeling grateful to the government when they see some of their fellow inmates walk out of prison on such occasions, even if they themselves are not released. It is a fine practice among prisoners, despite being anti-government activists, to praise and thank the government for granting them amnesty.

Such days give hope to all types of prisoners. It is also a common practice among prisoners as these days approach to ask prison authorities for any unusual news from the outside.

All inmates look forward to these days because death sentences can be commuted, long sentences can be reduced and those about to complete their terms may be released.

I had not heard of anyone being released from prison under a general amnesty as I was writing this piece on Jan. 5. When I asked the Assistance Association for Political Prisoners (AAPP) about it, they said they had not heard of any releases either.

I could not help but empathize with the political prisoners in jails across Myanmar. They were surely extremely disappointed as their hopes were dashed. They have pinned all their hopes on such occasions.

When I saw that the government was organizing a grand New Year’s alms-offering ceremony and Dhamma talks attracting more than 100,000 devotees, I was confident there would be something for prisoners. I later came to learn that I had been completely wrong.

Back when the government’s ranks had no ex-political prisoners, amnesties and commuted sentences came every year. Former political prisoners were even allowed to form a committee to identify current political prisoners with the aim of getting them released.

A lot of political prisoners were freed this way. It has also become the norm for other inmates to be released alongside the political prisoners.

That is why I was confident that a government led by a party of former political prisoners would release the political prisoners left.

My expectations have proven to be wrong. It has been a long time since I last heard anything about political prisoners being identified. There are still about 100 political prisoners left in Myanmar, according to organizations of former political prisoners such as the AAPP.

The AAPP has even gone to the trouble of tracking down the original dossiers of the accused to identify people as political prisoners before adding them to its list. It found many cases in which what happened had nothing to do with the laws under which the victims were charged. The charges were fabricated intentionally to put the dissidents in prison, making it impossible to know if they are guilty or innocent based on the charges. The AAPP has carried out a thorough investigation to come up with a detailed list.

It was also revealed that there are about 120 lawmakers in the Union Parliament who were once political prisoners. There is no doubt that former political prisoners can empathize with their peers still behind bars. However, the question is why the representatives have not been able to help them. Why have they not tried to help them?

When I attended a ceremony to mark Independence Day at the headquarters of the NLD about 10 years ago, I was offered a badge with the name of a political prisoner on the back. When I asked about this, the party said it had chosen by lot a political prisoner for me to help.

The back of my badge said “Ma Khin Htar in Dawei Prison.” I was not able to help her because I myself soon became a political prisoner.

However, about two years after I was sent to prison a lady approached my family offering to help me because I had been chosen by lot for her. After consulting with my family, she sent me books to read in prison.

Such help can be of great benefit to a person in prison. It can give an inmate hope and strength. I later learned that the lady, Daw Sabel, had taught my son and daughter-in-law, and she has felt like a member of the family ever since.

I am deeply sad that the help and assistance the NLD offered when it was an opposition party disappeared after it came to power. I am just sad because I have not been able to find out why that has been so.

I believe the government has complete authority to release political prisoners. I am confident that no one can prevent it from, and interfere with it in, exercising that authority. It would be very ugly to write a history that says that about 120 former political prisoners were not able to come to the rescue of about 100 political prisoners behind bars.

What has been happening? Could you please help me find the answer?

( Sai Nyunt Lwin is the secretary general of the Shan Nationalities League for Democracy.)

ကတိသစ္စာ တည်သောခါဝယ်

$
0
0

ကတိသစ္စာ တည်သောခါဝယ်



            “အောင်စေသတည်း” ဥဒါန်းကျူးမှုနဲ့ အစပြုခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေး ကြေညာစာတမ်းကို ပြန်ပြီး ဖတ်ကြည့် မိတယ်။ ပြီးတော့ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ပြန်ပြီး နှိုင်းယှဉ်ကြည့်လိုက်မိတော့ ဟာ- တော်တော်ကြီး လွဲနေပါပကောလို့ဆိုပြီး တော်တော်ကြီးကို ထိတ်ထိတ်လန့်လန့် ဖြစ်သွားမိတယ်။

ငယ်ငယ်တုန်းကတော့ အဲ့ဒီကြေညာစာတမ်းကို ဖတ်ချင်ရင် ရန်ကုန်မြို့လယ်က လွတ်လပ်ရေးကျောက်တိုင် ရဲ့အခြေ  ဘေးပတ်ပတ်လည်မှာ ရေးထားတာကို သွားဖတ်ရတယ်။ မဆလ အစိုးရခေတ်ရောက်တော့ ကျောက်တိုင် ခြေရင်းကို မသွားနိုင်အောင် မြက်ခင်းတွေမွေးထားပြီး မြက်ခင်းပေါ် မနင်းရဆိုတဲ့စာတမ်းနဲ့  သွားဖတ်လို့မရအောင် လုပ်ထားခဲ့တယ်။  အခုတော့ အချိန်မရွေးပြန်ဖတ်နိုင်လို့ သွားဖတ်ကြည့်ကြစေချင်ပါတယ်။ လွတ်လပ်ရေး ရတဲ့အခါ အဲ့ဒီလွတ်လပ်တဲ့ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတာကို အတိအလင်း ကြေညာခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်း ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီလို ကြွေး   ကြော်ခဲ့တဲ့အတိုင်း ဖြစ်နေရဲ့လားဆိုတာ ပြန်တွေးကြည့်နိုင်ဖို့ ပြောချင်တာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး နှစ်(၇ဝ) အတွင်းမှာ ကျနော်တို့ရဲ့ တိုးတက်မှု ၊ ဆုတ်ယုတ်မှုတွေကို ပြန်ဆန်းစစ်ကြည့် သင့်တယ်လို့ ယူဆမိပါတယ်။  စံချိန်တင် ပြည်တွင်းစစ်တွေ ၊ တစ်ဖြည်းဖြည်းကျဆင်းသွားတဲ့ စီးပွါးရေးတွေ ၊ ပျက်ယွင်း လျော့နည်းလာနေတဲ့ သဘာဝ အရင်းအမြစ်တွေ ၊ ဆင်းရဲချမ်းသာ အချိုးမညီမှုတွေ ၊ ပညာရေး ကျန်းမာရေး ပျိုးထောင် စောင့်ရှောက်မှုတွေကို ပြန်ကြည့်လိုက်ရင် အားရစရာ မရှိပါဘူး။  ဒါတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းတရားတွေ ကတော့ အမျိုးမျိုးအဖုံဖုံ ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီလို အမျိုးမျိုးအဖုံဖုံတွေ အထဲက တွေးမိသလောက် စိတ်ပူစရာ အကောင်းဆုံးတစ်ခု ကတော့ “ကတိသစ္စာ မတည်မမြဲ ”  ဖြစ်တတ်ကြတဲ့ အလေ့အကျင့်တစ်ခုကို သတိပြုမိပါတယ်။

လွတ်လပ်တဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်ဖို့ နာမည်ကျော် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ ဒါပေမဲ့ ကတိကဝတ်ြ ပု မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုမျိုးကို အခုထိ မတည်ဆောက်နိုင်သေးပါဘူး။ နှစ်ဖက်ထားခဲ့ကြတဲ့ ပင်လုံစိတ်ဓါတ် ၊ ပင်လုံ ကတိကဝတ်တွေကို မတည်ဆောက်နိုင်သေးပါဘူး။ စစ်ပွဲတွေကိုသာ မွေးဖွါးစေခဲ့ကြတယ်။  အဆိုးဆုံးကတော့ ၁၉၆၂ မှာ အာဏာသိမ်းပြီး ကတိကဝတ်တွေကို ထပ်ဖျက်လိုက်တာက သမိုင်းဝင်အောင် ရုပ်ဆိုး ခဲ့ပါတယ်။ ရှေ့လူတွေရဲ့ ကတိကဝတ်ကို ငါတို့ နောက်လူတွေက စောင့်စည်းဖို့ မလိုဘူးဆိုတဲ့ (အလွန်မှားယွင်းတဲ့) စိတ်ဓါတ်တွေ ကိန်းအောင်းလာခဲ့တာဟာ တိုင်းပြည်အတွက် အရမ်းကိုကံဆိုးစေခဲ့တယ်။  တိုင်းပြည်ကောင်းစားဖို့ လက်နှစ်လုံးအလိုမှာ ပထမဆုံးအကြိမ် တိုင်းပြည်ချောက်ထဲ ကျခဲ့ရတယ်လို့ ပြောစမှတ် ဖြစ်ရတယ်။

၁၉၇၄- အခြေခံဥပဒေ ရေးဆွဲတော့လဲ လွတ်လပ်ရေးရယူခဲ့တုန်းက ပင်လုံကတိကဝတ်တွေကို လုံးဝထည့် မတွက်ခဲ့ပါဘူး။ တိုင်းပြည်တာဝန်ကို ယူလိုက်တာဟာ အရင်က ကတိကဝတ်တွေကို တာဝန်မယူ မလိုက်နာချင်လို့ ဆိုရင်တော့ အဲ့ဒီစိတ်ဓါတ်တွေကြောင့် ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းဖို့ လွယ်မှာ မဟုတ်ပါဘူး။ အဲ့ဒီကာလတုန်းက “ဖက်ဒရယ်” လို့ ပြောလိုက်တာနဲ့ တိုင်းပြည်သစ္စာဖေါက်တစ်ယောက်လို စွပ်စွဲခံရတဲ့ အခြေအနေပါ။  ဒီနေ့လိုလူတိုင်းက ဖက်ဒရယ်ပြောနေသလို ပြောလို့ မရခဲ့ပါဘူး။

မဆလ ခေတ်ကာလတုန်းက လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ တောင်သူလယ်သမားနေ့ စတဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့နေ့တွေဆိုရင် ဦးဆောင်ပါတီက “နိုင်ငံရေး ဦးတည်ချက်” ဆိုပြီး နိုင်ငံရေးနဲ့ ဆိုင်တဲ့အချက်အလက်တွေကို ဟိုအရေး ဒီအရေး ကြွေကြော်သံတွေ ထုတ်ပြန်တတ်ပါတယ်။  ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့ဒီ နိုင်ငံရေး ဦးတည်ချက် ဆိုတာကြီးကို ဘယ်သူကမှ အလေးမထားကြပါဘူး။ ထုတ်ပြန်တဲ့ အစိုးရကိုယ်တိုင်ကလဲ လိုက်လုပ်တာ မတွေ့ရ ဘဲကိုး။ ထုတ်ပြန်တာဘဲ ရှိခဲ့တယ်။ ဘယ်သူမှ မလိုက်နာကြပါဘူး။  ကိုယ်ပြောခဲ့တဲ့ “ကတိကဝတ်” ကို ကိုယ်တိုင်က မလိုက်နာခဲ့တာပါ။ အဲ့ဒီလို ကတိကဝတ်ကို အလေးမထား မလိုက်နာတဲ့ အလေ့အကျင့်တွေက အခုဆိုရင် ကျနော်တို့ နိုင်ငံထဲမှာ ရောဂါတစ်ခုလို လူတွေကိုအတော် စွဲကပ်ကုန်ပြီလို့ ယူဆမိပါတယ်။

နိုင်ငံတော်က ထုတ်ဝေထားတဲ့ ၊ တနည်းအားဖြင့် တာဝန်ခံထားတဲ့ ငွေစက္ကူတွေကို တရားမဝင်ငွေစက္ကူတွေ အဖြစ် အကြိမ်ကြိမ်ထုတ်ပြန် ကြေညာပြီး ပယ်ဖျက်ခဲ့တာလဲ - အစိုးရက ပြည်သူလူထုအပေါ် တာဝန်ခံထားတဲ့ “ကတိကဝတ်” ကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်လိုက်တာ ဖြစ်ပါတယ်။  မင်းမှာ ကတိ ၊ လူမှာ သစ္စာ ဆိုတာ အစိုးရမင်းကိုယ်တိုင်က ကတိတည်မှ တိုင်းသူပြည်သားတွေကလဲ သစ္စာစောင့်သိကြမှာ ဖြစ်ပါတယ်။  ပြည်သူအပေါ် ကတိသစ္စာ ပျက်ယွင်းခဲ့လို့ တိုင်းပြည်ဟာ ကမ္ဘာမှာ အဆင်းရဲဆုံးစာရင်းဝင်သွားရတဲ့အထိ ထိုးကျသွားခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။   နိုင်ငံတော် သီချင်းကို ခြေဆင်းကနေ စလို့ အစ-အဆုံး ဆိုကြည့်လိုက်တိုင်း ဒီနေ့ ကျနော်တို့ လက်တွေ့ ဖြစ်နေပျက်နေတာတွေနဲ့ တစ်လွဲကြီးဖြစ်နေတာကို မြင်ရပြီး  အမြဲတမ်း စိတ်မချမ်းမသာ ဖြစ်ရပါတယ်။  

မြန်မာ့သမိုင်း တစ်လျှောက်မှာ ကတိသစ္စာ တည်ခဲ့တဲ့ မင်းကောင်းမင်းမြတ်တွေ ၊ သူရဲကောင်းတွေ အကြောင်း အများကြီး ဖတ်ဖူးကြမှာ ဖြစ်ပါတယ်။ ဒီအစဉ်အလာက ဘယ်ရောက်ကုန်ပြီလဲ ၊ မေးစရာ ဖြစ်ရပါပြီ ။ စစ်တိုက်ကြတာ တောင်မှ စစ်တပ်မှာ ကတိသစ္စာပြုထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တိုက်ကြရတာ ဖြစ်ပါတယ်။ ဖေါက်ဖျက်လို့ မရပါဘူး။ ဖေါက်ဖျက်ရင် အရေးယူရပါတယ်။ ဝန်ထမ်းတွေဆိုရင်လဲ အလုပ်မဝင်ခင် စည်းမျဉ်းစည်းကမ်းကို လိုက်နာပါမယ်လို့ ကတိကဝတ်ထားခဲ့ကြရသူတွေဘဲ ဖြစ်ပါတယ်။ မေ့ထားလိုက်လို့ မရပါဘူး။  အခုတော့ အတော်များများက မေ့နေကြပြီ လို့ ကျနော်တော့ ယူဆမိပါတယ်။ တော်တော်လေးကို အလေးထားပြီး ပြန်ပြုပြင်ရမဲ့ ကိစ္စ ဖြစ်ပါတယ်။

တရားသူကြီးတွေ ထားရတဲ့ ကတိကဝတ် သစ္စာတွေဟာ ဘယ်လောက် တည်ကြည်ဖြောင့်မတ်ရလဲဆိုတာ ပြန်ဖတ်ကြည့်ပြီး လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ထဲမှာ ခံစားချက်တစ်ခုခု ဖြစ်လာမှာ သေချာပါတယ်။ မနေ့တစ်နေ့က သတင်းတစ်ခုမှာ တရားရုံးထံ သက်သေခံ ထွက်ဆိုပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပထမ ထွက်ဆိုချက်နဲ့ နောက်တစ်ကြိမ် ထွက်ဆိုချက် မတူဘဲ နောက်တစ်မျိုး ထွက်ဆိုခဲ့တယ်။ လူတစ်ယောက်ထဲက တစ်ခါမှာ တစ်မျိုးပြောနေတော့ တစ်ခုက လိမ်ပြောတာဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါတောင် အမှန်အတိုင်း ထွက်ဆိုပါ့မယ်ဆိုပြီး ကျမ်းကျိန်ပြီးမှ ထွက်ဆိုတာပါ။ ကိုင်းဗျာ- လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က တရားရုံးမှာ ကျမ်းကျိန်ပြီးတော့တောင် လိမ်ဝံ့ နေပြီဆိုတော့ ဘယ်လိုလုပ်ကြတော့မလဲဗျာ ။ အစိုးရအဖွဲ့ ဝန်ကြီးတွေဖြစ်ဖြစ် ၊ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖြစ် ၊ တာဝန်ယူကြရတော့မယ်ဆိုရင် ကျမ်းကျိန်ကြရပါတယ်။ ဒါက ကတိကဝတ်ပြု သစ္စာဆိုတာ ဖြစ်ပါတယ်။ အဲ့ဒီ ကတိကဝတ်ကို လိုက်နာ ကြပါသလားဆိုတာ ဆန်းစစ်မှုတွေ ပြုဖို့ လိုမယ်ထင်ပါတယ်။

၁၉၉ဝ- တုန်းကဆိုရင် ရွေးကောက်ပွဲတွေ အမြန်ဆုံးလုပ်ပေးပါ့မယ်ဆိုပြီး ပြည်သူလူထုကို ငြိမ်သက်အောင် ချွေးသိပ်ခဲ့တယ်။  တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေကို အာရုံပြောင်းခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ အဖြေက ကိုယ်လို ချင်တဲ့အဖြေ မဟုတ်တဲ့အခါကြတော့ အရွေးခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်မပေးဘဲ ပြောင် ပြောင်တင်းတင်း ကတိသစ္စာကို ဖျက်လိုက်ကြတယ်။ နည်းအမျိုးမျိးနဲ့ အကြောင်းရှာ ဖမ်းဆီးခဲ့တယ်။ နိုင်ငံတော်တာဝန် ကို ယူထားတဲ့ “မင်းအစိုးရ” ဖြစ်ပါလျက်နဲ့ ကတိသစ္စာဖေါက်ဖျက်ခဲ့တယ်။  တိုင်းပြည်ကောင်းဖို့ လက်နှစ်လုံးအလိုမှာ တိုင်းပြည်ဟာ ဒုတိယအကြိမ် ချောက်ထဲကျခဲ့ရတယ်။

ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်လဲ ငြိမ်းချမ်းရေး အပစ်ရပ်ဖို့ လက်မှတ်ရေးထိုးလိုက်ကြပေမဲ့ စစ်ပွဲတွေက လုံးဝရပ်စဲသွားတယ်လို့ မပြောနိုင်ပါဘူး။ ဒါတွေကလဲ ကတိကဝတ် လိုက်နာမှုအပေါ်မှာ မူတည်ပါတယ်။ စာချုပ်ပါ အချက်အလက်တွေကဘဲ မရှင်းလင်း မပြည့်စုံတာလားတော့ မသိပါဘူး။ ဒါပေမဲ့ သဘောတူစာချုပ်တွေအပေါ် အလေးမထားတဲ့ အခြေအနေမျိုးကို ရောက်သွားခဲ့ရင်တော့ ကျနော်တို့  သိပ်ကို ခက်ခဲတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရနိုင်ပါတယ်။ ယုံကြည်မှု တည်ဆောက်ရတာ အတော်ကို မလွယ်ဘူးဆိုတာ အားလုံးလဲ သိထားပြီး ဖြစ်ပါတယ်။

ဒီလိုပါဘဲ ။ နိုင်ငံရေးပါတီတွေကရော ကတိကဝတ်အတိုင်း လုပ်ကြပါသလား။ ရွေးကောက်ပွဲ ဝင်တုန်းက လူထုကို ပြောခဲ့ပေးခဲ့တဲ့ ကတိကဝတ်တွေကို (လူထုက ရွေးချယ်ပေးလိုက်တဲ့ နောက်ပိုင်း) အမှန်တကယ်ရော လုပ်ကိုင် ဆောင်ရွက်ပေးပါရဲ့လား။  နေရာမရခင် ပြောတုန်းက တစ်မျိုး ။ နေရာလဲ ရပြီးရော အလုပ်ကတစ်မျိုး ။ ပါတီတွေရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေနဲ့ ယနေ့လုပ်ရပ်တွေကို ပြန်တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ရင် အမှန်အမှား ကွဲကွဲပြားပြား သိလာနိုင်ပါလိမ့်မယ်။

မဆလ ခေတ်တစ်ခေတ်လုံးရဲ့ အဓိကလက်ကိုင် သဘောတရား အယူဝါဒ ဖြစ်တဲ့ “အညမည သဘောတရား” ကို အောက်ခြေရှိ တစ်ချို့ပါတီဝင်တွေက ယုံယုံကြည်ကြည်နဲ့ သဲသဲမဲမဲ ကိုင်တွယ်ကျင့်သုံးခဲ့ပေမဲ့ ခေါင်းဆောင်ကြီး တွေကတော့ သဘောတရားနဲ့ မဆိုင်တာတွေကိုဘဲ လုပ်နေခဲ့တဲ့ ဥပမာတွေက အများအပြားပါ။ ခေါင်းဆောင်တွေရဲ့ အပြောတစ်မျိုး အလုပ်တစ်မျိုးကို ပြောချင်တာပါ။ ကျနော်တို့ ထောင်ထဲမှာရှိတုန်း ဖတ်ခဲ့ရတဲ့ ရွှေဂုံတိုင် ကြေညာချက် ဆိုရင် ဖတ်ပြီးတာနဲ့တင် ထောင်ထဲမှာ ခံစားနေရတဲ့ ဒုက္ခတစ်ဝက်လောက် ပျောက်သွားလောက်အောင် အားတက် ခဲ့ရတယ်။ ကျနော်တို့ ထောင်က ထွက်လာပြီး မကြာပါဘူး ကြားဖြတ်ရွေးကောက်ပွဲဝင်သွားတော့ ကျနော်တို့ ဘာလုပ်လို့ ဘာပြောရမှန်း  မသိကြတော့ပါဘူး။အထူးသဖြင့် နိုင်ငံရေးပါတီတစ်ရပ်ဟာ ကိုယ်တိုင်ထုတ်ပြန် ထားတဲ့ ထုတ်ပြန်ကြေညာချက်ကို သွေဖည်ကျောခိုင်းလိုက်တာမျိုးဟာ ကိုယ်ပေးထားတဲ့ ကတိကဝတ်ကို ကိုယ်တိုင်က  ချိုးဖေါက် လိုက်တာဘဲ ဖြစ်တယ်။

အမေရိကန်မှာ ကျောင်းဝင်းထဲအထိ သေနတ်နဲ့ ဝင်ပစ်တဲ့ကိစ္စမှာ သမ္မတက ကျောင်းသားတွေကို ကာကွယ်ဖို့ အတွက် ဆရာတွေ သေနတ်ကိုင်သင့်တယ်လို့ ပြောပါတယ်။ ဒါက တော်တော်ကို ဆိုးသွားပါပြီ ။ “ နိုင်ငံရေး ကျင့်ဝတ် သီလ ” ပျက်ယွင်းနေပြီိဆိုရင် မှားမယ်မထင်ပါဘူး ။ သူ့တာဝန်ကိုတောင် သူမသိလောက်အောင် ချို့ယွင်း သွားခဲ့တာ ဖြစ်ပါတယ်။ ကျင့်ဝတ်အရ ကိုယ့်တာဝန်ကို ကိုယ်မမေ့သင့်ပါဘူး။

ဒီနေ့ နိုင်ငံတကာမှာ ကတိကဝတ်ကို အလွန်တန်ဖိုးထားကြတာ တွေ့ကြမှာပါ။  မိသားစု တစ်ခုမှာ ဖခင်က သမီးကို ကတိပြုပါတယ်လို့ ပြောလိုက်ရုံနဲ့ သမီးက မကျေမနပ်ဖြစ်ရာကနေ ချက်ချင်းလက်ခံသွားတတ်တာဟာ ကတိကဝတ်ကို ယုံကြည်တန်ဖိုးထားလို့ ဖြစ်ပါတယ်။ ကတိကဝတ်ကို စောင့်ထိန်းရမယ်ဆိုတာ (လောကသား) လူသား တွေရဲ့ ကျင့်ဝတ်ဘဲ ဖြစ်ပါတယ်။ ကျနော်တို့မှာ ကတိကဝတ်ကို လွယ်လွယ်ပေးတတ်ပြီး လွယ်လွယ်ပြန်ဖျက်တတ်တဲ့ အလေ့အကျင့်မျိုးတွေ မကိန်းအောင်းနေဖို့ဆိုတာ အလွန်ကို အရေးကြီးလှပါတယ်။ ကတိသစ္စာ မတည်တဲ့ လူမျိုး ၊ ကတိသစ္စာ မမြဲတဲ့ အဖွဲ့အစည်းမျိုး မဖြစ်ဖို့ အလွန်ကို အရေးကြီးလှပါတယ်။

တိုင်းပြည်တစ်ပြည် မပြောပါနဲ့ ။ အိမ်ထောင်စု တစ်ခုမှာတောင် ကတိသစ္စာ မမြဲကြရင် ကြီးပွါးချမ်းသားဖို့ မဖြစ် နိုင်သလို စည်းလုံးညီညွတ်မှုလဲ မရှိနိုင်ပါဘူး။  တစ်ယောက်ကို တစ်ယောက် သင်္ကာမကင်း အမြဲ ဖြစ်နေပြီး သံသယနဲ့ စောင့်ကြည့်- အတူနေနေကြရမှာမို့ ဘယ်လိုမှ စိတ်ချမ်းသာစရာ မရှိနိုင်ပါဘူး။ မိသားစုအတွင်းသာမက ပတ်ဝန်ကျင် အသိုင်းအဝိုင်းမှာလဲ ဘယ်သူကမှ ယုံကြည်မှု မရှိလို့ အရေးအကြောင်းဆိုရင် အခက်အခဲတွေ့ရမှာ ဖြစ်ပါတယ်။

ကတိမတည်တဲ့လူမျိုးနဲ့ ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။ သစ္စာမဲ့တဲ့ လူမျိုးဆိုရင်လဲ အားလုံးက တစ်ဖြည်းဖြည်း ခွါသွားကြမှာ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းနိုင်တဲ့ လူတွေကတော့ သူတို့နဲ့တူတဲ့ ကတိသစ္စာမဲ့သူ အချင်းချင်းဘဲ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် အဲ့ဒီလူ့အဖွဲ့အစည်းက ဘယ်လိုလုပ် ကောင်းမွန်နိုင်ပါတော့မလဲ။  နိုင်ငံတော် အဆင့် အစိုးရတာဝန်ယူထားတဲ့ လူ ၊ အဖွဲ့အစည်း ဆိုရင် ပိုလို့တောင်မှ အရေးကြီးပါတယ်။ နည်းနည်းလေးမှ အတိမ်း အစောင်းမခံနိုင်ဘူးလို့ ယူဆပါတယ်။   မကြာမတင်တုန်းက ကျောင်းသားတွေ ဆန္ဒထုတ်ဖေါ် အရေးဆိုမှုတစ်ခုအတွက် ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးကြတော့ နှစ်ဖက်သဘောတူကြပြီး အေးအေး ချမ်းချမ်းပြီးစီးသွားခဲ့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာဘဲ တာဝန်ရှိသူတွေက သဘောတူထားတာတွေကို မလိုက်နာတော့တဲ့ အတွက် ကျောင်းသားနဲ့ အစိုးရ အကြား ပဋိပက္ခတ်တွေ ကြီးမားခဲ့တယ်။  မိဘ နဲ့ သားသမီးလို ဆက်ဆံနေတဲ့ ဆရာတပည့်တွေဟာ ကတိကဝတ် ပျက်ယွင်းမှုကြောင့် ဆက်ဆံရေးတွေ ဆိုးဝါးခဲ့ရတယ်။


ကျနော်တို့ နိုင်ငံဟာ ရုပ်ဝတ္တု အားဖြင့် နိမ့်ပါးဆင်းရဲတယ်ဆိုရင်တောင် စိတ်ဓါတ်အားဖြင့် လူကြီးလူကောင်း (Gentlemen) စိတ်ဓါတ်တွေ မွေးမြူနိုင်ဖို့ လိုပါတယ်။  တစ်ခြားနိုင်ငံတွေနဲ့ ရုပ်ဝတ္တုချင်း မယှဉ်နိုင်တောင်မှ စိတ်ဓါတ် အရာမှာ ယှဉ်နိုင်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။  အခုသတင်းတွေမှာ ရိုးသားတဲ့ ကြိုးစားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ သတင်း တွေတွေ့နေရပါသေးတယ်။ ဒါပေမဲ့ တစ်ပြည်လုံး အတိုင်းအတာမှာရော အဲ့ဒီလိုမျိုး ဖြစ်နေသေးလားလို့ မေးစရာ ဖြစ်ပါ တယ်။  တစ်ခြားနိုင်ငံကလူတွေနဲ့ ကျနော်တို့ရဲ့ ပြုမူဆက်ဆံရေးတွေမှာ ရိုးသားမှု လိုအပ်သလို ကတိကဝတ်မြဲတဲ့ သစ္စာ ရှိသူတွေ ဖြစ်ကြောင်း ပြသနိုင်ရင် ကျနော်တို့ လိုအပ်နေတဲ့ ရုပ်ဝတ္တု ၊ ငွေကြေး ၊ နည်းပညာ ၊ အရင်းအနှီးတွေ ဆိုတာ ဖိတ်ခေါ်စရာ ၊ ဆွဲဆောင်စရာ မလိုဘဲ  သူ့အလိုအလျှောက် ရောက်လာကြမှာ ဖြစ်ပါတယ်။ ကတိသစ္စာရှိမှုရဲ့ ဂုဏ်သိက္ခာဆိုတာ အလွန်ကို ကြီးမြတ်ပါတယ်။  ကိုယ်ကျင့်တရားအရ ကျင့်ဝတ်သိက္ခာ ရှိမှု (Moral Obligation) ဟာ အာဏာနဲ့လဲ ပယ်ဖျက်လို့ မရသလို ၊ လက်နက်နဲ့လဲ မချိန်းခြောက်နိုင်အောင် ၊ မလွှမ်းမိုးနိုင်အောင် အင်မတန်ကို တန်ဘိုးကြီးတယ် ဆိုတာ တစ်ကမ္ဘာလုံးက တစ်နေ့ တစ်ခြား လက်ခံလာနေကြပါပြီ ။ ဝိုင်းဝန်းအားပေးလာနေကြပါပြီ ။

ဓနဥစ္စာ ဆင်းရဲတာ ပြန်ဖြည့်ဆည်းဖို့ သိပ်မခက်ပေမဲ့ စိတ်ဓါတ်အရာ ယိုယွင်းပျက်စီးလာတာဟာ  ပြန်ပြုပြင်ဖို့ အတော်ကြီးကို လုပ်ကိုင်ယူရမှာ ဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ယိုယွင်းကျဆင်းလာနေတဲ့ စိတ်ဓါတ်တွေကို အချိန်မီ ပြင်ဆင်ကုစားကြဖို့ လိုပါတယ်။  Moral Obligation တည်ဆောက်နိုင်အောင် ကြိုးစားကြရပါမယ်။

(ရှင်မဟာသီလဝံသ) ရေးတဲ့ စာတစ်ပုဒ်မှာ -
စကားသစ္စာ  တည်သောခါဝယ်
သြဇာလေးနက်  ပေဆီတက်၍
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏   ……   လို့ ဆိုထားပါတယ်။ 
နာမည်ကျော် လင်္ကာတစ်ခု ဖြစ်ပါတယ်။  ကတိစကားသစ္စာ တည်မြဲတဲ့အခါ လောကမှာ သြဇာထက်မြက်ပြီး အမြဲတမ်း အထက်တန်းနေရာ ရတဲ့အပြင်  နွယ်မြက်သစ်ပင်တောင်မှ ဆေးဖက်ဝင်နိုင်တဲ့ အခြေအနေကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ ရှေးပဝေသဏီ ကတည်းက ကျနော်တို့ကို ဆိုဆုံးမထားခဲ့တာပါ။  ဒီအဆုံးအမမျိုးကို မြန်မာတွေက အရင်ဆုံး ကြားသိခွင့် ရခဲ့တာပါ။

            တကယ်ဆို ကမ္ဘာမှာ မြန်မာဟာ ကတိသစ္စာ အတည်ဆုံး နဲ့ ကိုယ်ကျင့်တရားအရ ကျင့်ဝတ်သိက္ခာရှိသူတွေ ဖြစ်သင့်တယ် မဟုတ်ပါလား။



























           

Article 0

$
0
0



စုပေါင်းအင်အား


၂ဝ၁၈ ခုနှစ် ဧပြီလ (၁) ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရရဲ့ တာဝန် ထမ်းဆောင်မှု (၂) နှစ်ပြည့် မိန့်ခွန်းကို ရုပ်မြင်သံကြားကနေ ပြည်သူလူထုထံ တိုက်ရိုက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။  စိတ်ဝင်စားစရာ ကောင်းတဲ့ အဲ့ဒီမိန့်ခွန်းထဲမှာ “ စုပေါင်းအင်အား (Collective Strength) ”  ဆိုတဲ့ စကားလုံးကို ခြောက်ကြိမ်တိုင်အောင် ထပ်ခါထပ်ခါ သုံးသွားတာကို သတိပြုမိခဲ့ပါတယ်။

“ ယခု လာမယ့် မြန်မာသက္ကရာဇ်  ၁၃၈ဝ ခုနှစ်အတွက် ကျွန်မတို့ အစိုးရအနေနဲ့  ‘ စုပေါင်းအင်အား ’ ကို အလေးထားပြီး နိုင်ငံရဲ့ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဌာန် ချလိုက်ပါတယ် ”  ဆိုတဲ့ ထုတ်ဖေါ်ပြောကြားချက်ကို ကျွန်တော်တို့ အလေးအနက်ထားပြီးတော့ သုံးသပ်ရမဲ့ အချက်ဖြစ်တယ်လို့ ယူဆမိပါတယ်။  

“ လွတ်လပ်ရေးဖခင်ကြီးများ မျှော်မှန်းခဲ့တဲ့ တရားမျှတမှုနဲ့ လွတ်လပ်တဲ့ နိုင်ငံ ၊ လူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမယ့် ဖြူစင်တဲ့ဝါဒ ကျင့်သုံးတဲ့နိုင်ငံ အမှန်တကယ်ဖြစ်စေဖို့ ‘ စုပေါင်းအင်အား ’ နဲ့ လုပ်ဆောင်ကြပါစို့  ” ဆိုပြီး နိုင်ငံတော် သီချင်းထဲက စာသားတစ်ချို့နဲ့ နီးစပ်တဲ့ စာသားတွေကိုလဲ ထုတ်နှုတ်သုံးစွဲသွားတာလဲ တွေ့ရပါတယ်။

ကျွန်တော်တို့အနေနဲ့ “စုပေါင်းအင်အား” ဆိုတဲ့ စာသားနဲ့ အဓိပ္ပါယ်ကို စိတ်ဝင်စားရတာကလဲ သိပ်တော့အဆန်းကြီး မဟုတ်ရပါဘူး။ စဉ်းစားကြည့်ပါ ။ ၁၉၆၂- ခုနှစ်ကတည်းက ဒီနေ့အထိတိုင်အောင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထဲက ခေါင်းဆောင်လာခဲ့တယ်ဆိုရင် ဘယ်သူမှ မငြင်းဆိုနိုင်တဲ့ သမိုင်းကြောင်းဖြစ် ပါတယ်။  ၁၉၈၈ ရောက်တော့ တစ်ပါတီ ၊ တစ်ဦးတစ်ယောက်ထဲက ခေါင်းဆောင်ခဲ့တဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့ ဆန္ဒဖေါ်ထုတ်တွန်းလှန်ခဲ့ကြတာ ဖြစ်ပါတယ်။ ။ ဒါပေမဲ့လဲ နောက်ထပ် ၂၂-နှစ်တိုင်တိုင် စစ်အာဏာရှင်လက်အောက် မှာဘဲ ထပ်ပြီး နေခဲ့ရတယ်။  အဲ့ဒီနောက်ပိုင်း ၂ဝ၁ဝ ကစလို့ ဒီကနေ့အထိအောင်လဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ရဲ့ ခေါင်းဆောင်မှုနဲ့ဘဲ သွားနေရတာ အားလုံးအသိပါဘဲ။

အခုတော့ နိုင်ငံကို ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်က “ စုပေါင်းအင်အား ” ဆိုတာကို ပြောလာခဲ့ပါပြီ ။ တကယ်တော့ ကျွန်တော်တို့ မျှော်လင့်ထားတာက “ စုပေါင်းခေါင်းဆောင်မှု ”  သာဖြစ်ပါတယ်။ ဒါပေမဲ့ စုပေါင်း အင်အားကို ဖြစ်ပေါ်စေဖို့ဆိုတာက စုပေါင်းခေါင်းဆောင်မှု မရှိဘဲဖြစ်လာဖို့ အတော်ခက်ပါတယ်။ နယ်ပယ်အသီးသီးမှာ ရှိနေကြတဲ့ ခေါင်းဆောင်တွေနဲ့ စုပေါင်းခေါင်းဆောင်မှုကို ထူထောင်နိုင်မှ စုပေါင်းအင်အား ဆိုတာကိုလဲ တစ်ပါတည်း ထူထောင်နိုင်မှာ ဖြစ်ပါတယ်။  နယ်ပယ်အသီးသီးက အင်အားတွေကို စုပေါင်းအင်အား လိုအပ်တယ်လို့ ပြောရုံနဲ့လဲ ဖြစ်မလာနိုင်ဘူးဆိုတာ လက်တွေ့လုပ်ငန်းတွေက သက်သေခံနေကြပါတယ်။  နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ သန္နိဌာန်ချမှတ်ထားတယ် ဆိုရင် စုပေါင်းခေါင်းဆောင်မှုကိုလဲ မဖြစ်မနေ ထူထောင်ရမယ်လို့ ယုံကြည်မိပါတယ်။

အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းတွေကို မဖြစ်မနေ ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းစစ်မီး မငြိမ်းသေးရင်လဲ တိုင်းပြည်ရဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ အခက်အခဲ ဖြစ်နေအုန်းမှာပါဘဲ။ ဒါကြောင့် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိကြဖို့ ဆိုတာကလဲ အစိုးရဖက်က အစပြုကြိုးပမ်းပေး နိုင်ရင် အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။

နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် ပြောတဲ့ မိန့်ခွန်းထဲမှာ အစိုးရရဲ့ ဦးစားပေး ဆောင်ရွက်ရမဲ့ ကိစ္စများဆိုတာကို ပြန်ကြည့်လိုက်တော့ ဦးစားပေးအဆင့်ဆင့်ကို အောက်ပါ အတိုင်းတွေ့ရပါတယ်။
(၁)    တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွါးဘဝ တိုးတက်မြှင့်မားစေရေး
(၂)    အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး
(၃) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ   အခြေခံဥပဒေ ပြင်ဆင်ရေး - ဆိုပြီး ဦးစားပေးအဆင့်တွေနဲ့ ရည်မှန်းချက်ကို ဖေါ်ပြထားတာ တွေ့ရပါတယ်။  အဲ့ဒီအချက်အလက်တွေကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထပ်ဆင့်ထောက်ခံ ထားတာကို တွေ့ရပါတယ်။ 

တကယ်ဆိုရင် ဒီအချက်တွေက အခုမှ ကြေညာပြီး လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ နကိုယ်မူက ကတည်းကိုက လုပ် ကိုင်ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။  ဒါပေမဲ့ အကြောင်းကြောင်းသော အကြောင်းတွေကြောင့်  ပြည့်ပြည့်ဝဝ အကောင်အထည် အဖေါ်နိုင်သေးတာဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လုပ်ငန်းကိုဘဲ ဖြစ်ဖြစ် အောင်မြင်အောင် ကြိုးပမ်းတဲ့နေရာမှာ ကိုယ်ကျင့်သုံးခဲ့တဲ့ နည်းစနစ်က အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးဆိုရင် နည်းစနစ် နောက်တစ်မျိုးကို ပြောင်းလဲ ကျင့်သုံးရမှာဘဲ ဖြစ်ပါတယ်။ မူလ နည်းစနစ်ကိုဘဲ မအောင်မြင်မခြင်း တစ်စိုက်မတ်မတ် ကျင့်သုံးနေမယ်ဆိုရင် အချိန်တွေကုန်ပြီး တိုင်းပြည်ကသာ တဖြည်းဖြည်းနဲ့ နစ်နာသွားမှာ ဖြစ်ပါတယ်။

မအောင်မြင်တဲ့ နည်းစနစ်ကို စွန့်ပစ်ဖို့ ဝန်မလေးသင့်ပါဘူး။  အောင်မြင်နိုင်စွမ်းရှိတဲ့ နောက်တစ်နည်းကိုလဲ ကျင့်သုံးဖို့ ဝန်မလေးသင့်ပါဘူး။  အခုတော့ “စုပေါင်းအင်အား” ဆိုတဲ့ စနစ်တစ်ခုလို့ ဆိုနိုင်တဲ့ နည်းနာကို ကျင့်သုံးဖို့ အစိုးရဖက်က နေ ပြည်သူလူထုကို ထုတ်ဖေါ်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံအနေနဲ့ မကွယ်မဝှက်စတမ်းပြောရရင် စိန်ခေါ်မှုတွေက အတော်ကိုဘဲ များပြားနေပါတယ်။ များပြား တယ်ဆိုတဲ့အပြင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ အတော်ကို ကြီးမားခက်ခဲတယ်ဆိုရင် ငြင်းနိုင်မယ် မထင်ပါဘူး။ လူ ကြားကောင်းအောင်  အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဆိုပြီး လျှောက်ပြောနေရမဲ့ အချိန်လဲ မဟုတ်တော့ပါဘူး ။  ကျွန်တော်တို့ဟာ အရှိကိုအရှိအတိုင်း ၊ အမှန်ကို အမှန်အတိုင်း လက်ခံထားပြီး အဲ့ဒီ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားရမလဲ ဆိုတာကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။

ဒီလို ရင်ဆိုင်ကျော်လွှားကြတဲ့အခါမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောသလို “စုပေါင်းအင်အား” နဲ့ စိန်ခေါ်မှုတွေ ကို ကျော်လွှားရဖို့ဆိုတာ နည်းနာအသစ်တစ်ခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ သတိပြုဖို့အချက်တွေကတော့ ရှိ နေပါတယ်။  စုပေါင်းအင်အားဆိုတာက တွေးလိုက်ရင်တော့ လွယ်လွယ်လေးဖြစ်ချင်ဖြစ်နေမှာပါ ။ လက်တွေ့မှာတော့ အင်နဲ့အားနဲ့ ဖြစ်လာအောင် ဘယ်သူတွေနဲ့ စုပေါင်းမလဲ ။ ဘယ်လိုလုပ် စုပေါင်းမလဲ ။ ရွေးချယ်စရာတွေ အားထုတ်စရာ တွေက အရင်ဆုံး ဆုံးဖြတ်ရမဲ့ စိန်ခေါ်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ရွေးချယ်မှု မှန်ကန်ဖို့  နဲ့ နည်းလမ်းအမှန်ကို ရှာပြီး ကျင့်သုံးတတ်ဖို့က အလွန်ကို အရေးကြီးလှပါတယ်။

ကျွန်တော်တို့အနေနဲ့ကတော့ စုပေါင်အင်အားကို မငြင်းဆန်နိုင်တဲ့အပြင် ထောက်ခံမှုပေးရမှာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လို စုပေါင်းမလဲ ။ စုပေါင်းပြီး ဘယ်လိုအင်အား တည်ဆောက်မလဲ ဆိုတာကိုတော့ စိတ်အားထက်ထက်သန်သန်နဲ့ စောင့်ကြည့်နေရပါတယ်။ အထက်မှာ ပြောခဲ့သလို စုပေါင်းအင်အား ဖြစ်လာအောင် မှန်ကန်တဲ့နည်းနာကတော့ စုပေါင်း ခေါင်းဆောင်မှုကိုလည်း တတ်နိုင်သမျှ တည်ဆောက်စေချင်ပါတယ်။  စုပေါင်းခေါင်းဆောင်မှု မရှိဘဲ စုပေါင်းအင်အား ဆိုတာ မှန်မှန်ကန်ကန် ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။

ဒီနေ့ ဒီအချိန်မှာ ဘယ်သူတွေနဲ့ စုပေါင်းလက်တွဲရမလဲဆိုတာတော့ ဆရာလုပ်ပြီး မပြောချင်ပါဘူး။ အားလုံးက အလို အလျှောက်သိထားနေကြပြီး ဖြစ်ပါတယ်။  နိုင်ငံခေါင်းဆောင်တွေရဲ့ ကြီးမားတဲ့ အရည်အချင်းတွေထဲမှာ လူမှန်နေရာ မှန်ကို ကောင်းကောင်းရွေးချယ်တတ်ကြတာဘဲ ဖြစ်ပါတယ်။  ကိုယ်နဲ့ နီးစပ်မှ ကိုယ့်ကိုအကျိုးပြုမှ ကိုယ့်ကို သစ္စာခံမှ ဆိုတဲ့ အကောက်အယူတွေထက် တိုင်းပြည်အပေါ် ဘယ်လောက်အကျိုးပြုနိုင်သလဲ  ဘယ်လုပ်ငန်းတွေမှာ အကျိုးပြု နိုင်မလဲ ဆိုတဲ့ အချက်တွေအပေါ်ကို ဦးစားပေးသင့်တဲ့ အချိန်ရောက်ပြီလို့ ယူဆမိပါတယ် ။

အစိုးရ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရာမှာ ဘော်လုံးအသင်းတစ်သင်းကို ဖွဲ့စည်းတာနဲ့ သိပ်မကွာခြားလှဘူးလို့ မြင်ပါတယ်။ ကိုယ့်မှာ အဖက်ဖက်က ထူးချွန်  ပြီးပြည့်စုံတဲ့ ကစားသမားအားလုံး ရှိချင်မှ ရှိနေမှာ ဖြစ်ပေမဲ့ စိတ်ဓါတ်အရ ခွန်အားအရ ပြည့်စုံပြီး အသင်းလိုက် အပေးအယူမျှမျှတတနဲ့ ကစားတတ်တဲ့ လူတွေ ရှိနေရင်ဘဲ နည်းပြက လူမှန်နေရာမှန်နဲ့ ကစား ကွက်အမှန်တွေကို သင်ကြားပေးပြီး ပွဲထွက်ကစားရင် နိုင်ခြေရှိမှာ ဖြစ်ပါတယ်။ 

အခုပြောနေတဲ့ စုပေါင်းအင်အားဆိုတာကလဲ တစ်ဦးချင်း မထူးချွန်ပေမဲ့ တစ်ဦးနဲ့ တစ်ဦး အပေးအယူ မျှမျှတတ ။ လူမှန် နေရာမှန် အကွက်ဆင်ကစားနိုင်ရင် စုပေါင်းအင်အားကို ဖေါ်ဆောင်နေတာဘဲလို့ ပြောနိုင်ပါတယ်။ တစ်ချိန်က မြောက်ကိုရီယားအသင်းဟာ တစ်ဦးချင်းထူးချွန်တဲ့ ကစားသမားတစ်ယောက်မျှ မပါဝင်ဘဲ အသင်းလိုက် စုပေါင်းအားကို အသုံးချပြီး ကမ္ဘာ့ဖလားပွဲမှာ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာကျော် အီတလီအသင်းကိုတောင် အနိုင်ကစားခဲ့ဖူးပါတယ်။ ဒါက “စုပေါင်းအင်အား” ဘဲ ဖြစ်ပါတယ်။

ကြီးမားတဲ့ စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို မှန်ကန်ညီညွတ်တဲ့ “စုပေါင်းအင်အား” နဲ့ အသစ်တဖန် ပြန်လည်မွန်းမံ နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

7day daily ( 6th April 2018 )
Viewing all 64 articles
Browse latest View live